Mūla Mingun Jetawun Sayādaw
ထေရုပ္ပတ္တိ အကျဉ်း (brief introduction):
ဘဒ်ဒန်တနာရဒ (၁၈၆၉- ၁၉၅၅) မူလမင်းကွန်းဇေတဝန် ဆရာတော်ကြီး
ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း (Mūla Mingun Sayādaw’s Biography) | http://www.mulamingon.com/
အဋ္ဌကထာကျမ်းပြု ကျေးဇူးရှင် မူလမင်းကွန်း ဇေတဝန်ဆရာတော်သည် စစ်ကိုင်း မြို့နယ် မြောက်ဘက် ၅-တိုင်ဝေးသော ကန်ကြီးကုန်းရွာ ဇာတိ ဖြစ်သည်။
မိဘနှစ်ပါး တို့မှာ ခမည်းတော် ဦးညို နှင့် မယ်တော် ဒေါ်ပိုင်တို့ ဖြစ်ပြီး ၁၂၃၀ ခုနှစ် တပို့တွဲ လဆန်း (၅) ရက် (၁၆-၁-၁၈၆၉) စနေနေ့ ညနေ ၆ နာရီတွင် ဖွားမြင်တော် မူခဲ့သည်။
သားသမီးလေးဦး ရှိသည့်အနက် ဒုတိယသား ဖြစ်သည်။
ငယ်မည် မောင်သာဗျော ဖြစ်သည်။
ဇေတဝန်ဆရာတော်လောင်း မောင်သာဗျောကို ရှစ်နှစ်သားအရွယ်တွင် ကန်ကြီးကုန်း၊ ကျောက်ပနံ နှစ်ရွာကြားရှိ စော်ကဲကျောင်းဆရာတော်ထံ အပ်နှံသည်။ အခြေခံ ဗုဒ္ဓစာပေများကို သင်ယူသည်။ လေးနှစ်ခန့်အကြာတွင် ကျောင်းသားများ သင်အပ်သော စာပေအားလုံး ကုန်ဆုံး ပြီးမြောက်ရာ သဒ္ဒါရှစ်စောင်၏ သုတ်၊ ဝုတ္တိ၊ ဥဒါဟရုဏ် တို့ကိုပင် ဆိုရိုးကျအစုံနှင့် နှုတ်ငုံရရှိခဲ့လေသည်။
(၁၄)နှစ် အရွယ်တွင် ရှင်သာမဏေဘဝ ရောက်ရှိသည်။ စော်ကဲကျောင်း ဆရာတော်ကြီးထံ ရှင်သာမဏေပြုသည်။ (ရှင်နာရဒ) ဟူသော ဘွဲ့ပညတ်သည်။
ရှင်နာရဒသည် သာမဏေဘဝတွင်လည်း နေ့စဉ် စာပေသင်အံ ကြိုးစားသည်။ ရှင်နာရဒ ဉာဏ်စွမ်းရည်ကို အံ့သြကြသည်။ သာမဏေဝါ လေးဝါအရတွင် ဝိနည်း (၅) ကျမ်း ပြီးဆုံးအောင်မြင်သည်။
သို့ရာတွင် လောကဓံသည် လူ့ဘဝအတွက် တခုမဟုတ် တခု ကြုံတွေ့ရတတ်သည့် ဓမ္မတာ ဖြစ်သည့်အတိုင်း ကိုရင်နာရဒတွင် မိဘနှစ်ပါးတို့ (၇) လလောက်အကွာတွင် တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်ကုန်ကြရာ ကိုရင်နာရဒမှာ စိတ်ညှိုးငယ် စရာများနှင့် ရင်ဆိုင်ခဲ့ရသည်။
သာသနာနောင်ရေးအတွက် ကြိုးစားအားထုတ်နေစဉ် ရွှေတောင်ကြီးပြိုသလို ရှင်နာရဒ စိတ်ကူးများ ပြိုလဲကျသွားရာ ကျန်ရစ်သူ မောင်နှမများအတွက် ဝိတက်တွေ များကာ စိတ်မရွှင်တော့ဘဲ လူဝတ်လဲလိုက်ရတော့သည်။
လူ့ဘဝတွင် ကံတရားကား အလှည့်သင့် အခွင့်သာဆိုသလို မောင်သာဗျော (၁၉) နှစ်ကျော်ကျော်တွင် လောကီဝတ်ကြောင် ရှောင်ခွာလိုစိတ် ပြန်လည်နိုးကြားလာ သည်နှင့် ကန်ကြီးကုန်းရွာ၏ အရှေ့တောင် မန်ကျည်းစု တောရကျောင်း၌ သီတင်း သုံးနေသော တစ်ဝမ်းကွဲ နောင်တော် ဆရာတော် ဦးလက္ခဏထံ ရဟန်းပြုရန် သွားလျှောက်ကာ ရှင်သာမဏေပြုလိုက်သည်။
ကျောက်ပနံရွာ ဒေါ်အံဇာ၊ ဦးပေါ်စံတို့က သာသနာ့အမွေခံ ရဟန်းဒါယကာပြုလုပ်၍ နောင်တော် ဦးလက္ခဏကို ဥပဇ္ဈာယ်ပြု၍ ၁၂၄၉-ခုနှစ်တွင် ပဉ္ဇင်းခံလိုက်တော့သည်။
ရဟန်းတော် ဦးနာရဒသည် စာဝါများ နေ့စဉ် သင်ယူပြီး မင်းကွန်း ဦးပုကြီးတောင်ခေါ် တောင်ပေါ်ကြီး ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်ဦးရာဇိန္ဒထံ ကျမ်းစာများ ဆက်လက်သင်ယူသည်။
ထိုမှ မန္တလေးမြို့တော်သို့ တက်၍ ပိဋကတ်ကျမ်းစာ အဖြာဖြာကို ဆက်လက် သင်ယူသည်။ မိုးကောင်းတိုက်၊ မြတောင်တိုက်၊ ဒက္ခိဏဝန်တိုက်တို့တွင် လှည့်လည် သင်ယူပြီးနောက် အောက်မြန်မာပြည် ရွှေတောင် ဝေဠုဝန်တိုက် ဝေဠုဝန်ဆရာတော် ဘုရားကြီးထံ တပည့်ခံ သင်ယူပြန်သည်။
ဝေဠုဝန်ဆရာတော်ကြီးက ဦးနာရဒ၏ ပဋိဘာဏဉာဏ်အစွမ်းထက်ပုံကို သိလေရာ သာသနာအကျိုး ယုံကြည်စွဲမှတ် အာရုံကပ်ကာ ဝေဠုဝန်ကျောင်းတိုက်ကြီး အုပ်စီးရန် ပင် လွှဲအပ်သည်ဟု အဆိုရှိသည်။
ရဟန်းငယ်မျှသာရှိသော ဦးနာရဒသည် အရွယ်အားလျော်စွာ ပိဋကတ်ကျမ်းစာများကို မြို့ရွာ အသီးသီး ပဏ္ဍိတ်အကျော်အမော် ဆရာတော်များထံ နည်းနာခံသင်ယူ ပြီးနောက် ဦးနာရဒသည် တောင်ပေါ်ကြီး ဦးရာဇိန္ဒထံတွင် ပရိယတ်ကျမ်းစာများ ပို့ချနေစဉ် အတိတ်ကံဟောင်း အကြောင်း ဖန်ကာ လူဝတ်ကြောင် ဘဝ ကူးပြောင်းရန် အခြေအနေ ဖန်တီးလာသဖြင့် လူ့ဘဝရောက်ရှိကာ နှမများနှင့် လုပ်ကိုင်ကျွေးမွေး နေခဲ့ပြန်ရာ တနှစ်ခွဲကျော်အကြာတွင် ရဟန်းဘဝ ပြန်လည်ရောက်ရှိ ခဲ့ရပြန်သည်။ ဆရာတော် ဦးရာဇိန္ဒထံ ရှေးနည်းအတိုင်းပင် ပရိယတ္တိစာပေများ ဆည်းပူးနေသည်။
ထို့နောက် စစ်ကိုင်းတောင်တန်း မင်းကွန်းဘက်၌ ပဋိပတ်ဉာဏ်အရာ၌ ပထမ ရှေးဦးစွာ (သီးလုံး ဆရာတော်ဘုရားကြီးမှ အစပြုပြီး) ၎င်းသီးလုံးဆရာတော်ကြီး၏ တပည့်ကြီးများမှ ထင်ရှားသော တပည့်ကြီး ငါးဦးအနက်တွင် အလယ်တောရ ဆရာတော်ဘုရားကြီးနှင့် နှစ်ပါးထံတော်၌ ယခု ထင်ရှား ပေါ်ပေါက်ခဲ့သော မူလ မင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးသည် ရဟန်းငယ်ဘဝဖြင့် ပရိယတ္တိကို နည်းနာနိဿရည်း သြဝါဒခံယူ သင်ကြားတော်မူခဲ့လေသည်။
ပါရမီအရင်းခံနှင့် ပင်ကိုဉာဏ် ထက်သန်၍ ကျမ်းဂန်နှံ့စပ်သော ဆရာရှင်အသီးသီး တို့၏ ယူနည်း ဆနည်း ဝေဖန်နည်းများကို လက်ဆုပ်မိမိ ရရှိသူ ဦးနာရဒသည် အလယ်တောရဆရာတော်၏ ပဋိပတ်ကျင့်ရေး အမြွက်မျှပေးသော နည်းကို ဉာဏ်ရှိသူတို့ဓမ္မတာ ကျေနပ်စွာ ရှိလှ၍ မိမိ၏နေရပ်သို့ ပြန်ခဲ့သည်။ သတိပဋ္ဌာန် ပါဠိတော်မူကိုထား၍ သက်ဆိုင်ရာ အဋ္ဌကထာဋီကာ စသော ကျမ်းဂန်အရပ်ရပ်တို့နှင့် အထပ်ထပ် ညှိနှိုင်းလျက် အဘက်ဘက်မှ ချွတ်ချော်မှု မဖြစ်ရန် အတန်တန် ဝေဖန်ပိုင်းခြား ပြုစုသည်။
ထို့နောက် တစ်ကိုယ်တည်း ဧကစာ ကျင့်သုံးလေ့လာရန် ရည်သန်၍ သက်တော် (၃၇) နှစ်အရွယ်တွင် ပရိသတ်ရောပြွမ်းရာ အလယ်တောရမှ ဖယ်ထွက်ခဲ့သည်။ ၎င်းတိုက်၏ အနောက်ဘက် လေးဖာလုံလောက်အကွာ လူနည်းရာဌာနတွင် တပါးမျှသာ နေထိုင် လောက်သော တစ်ခန်း ကျောင်းငယ် (ကမ္မဋ္ဌာန်းကျောင်းငယ်) လေးကို ဂူလေးချောင် သီလရှင်ဆရာကြီး ဒေါ်အိနှင့်တကွ တပည့်အပေါင်းတို့က ကျောင်းအမများအဖြစ် ခံယူပြီး ပဋိပတ်အကျင့်လမ်းကို ကြိုးပမ်းတော်မူခဲ့ရာ ၃-နှစ်ကြာသည့်အခါ ‘ဘူတံဘူတတောပဿတိ’ အရှိကိုအရှိတိုင်း မြင်သိလျက် မဂ်ရောက်ဖိုလ်ဝင် ဉာဏ် အမြော်အမြင် ရတော်မူခဲ့သည်။
မင်းကွန်းဌာန၌ ကမ္မဋ္ဌာန်းဆရာတော်တပါး အနေနှင့် ဇေတဝန်ဘုန်းကြီးဟူ၍၎င်း၊ သတိပဋ္ဌာန် အပ္ပမာဒ အမှတ်တရားပြ ဘုန်းကြီးဟူ၍၎င်း၊ အမည်ထူးကို အမျိုးမျိုး တင်စား၍ ခေါ်တွင်ကာ လူသိများခဲ့လေသည်။
ဇေတဝန်ဆရာတော် ဦးနာရဒသည် တရားပြကောင်းသဖြင့် မြို့လှမှ ဒကာများ ပင့်သဖြင့် အောက်မြန်မာပြည် မြို့ရွာအသီးသီး လှည့်လည်တရားဟောကြားသည်။ မြို့လှဌာနမှ မော်လမြိုင်သို့ ရည်မှန်းလျက် ခရီးစမ်းထွက်ခဲ့ရာ သထုံဘူတာရှိ ဆရာတော် ဦးကေလာသ တောင်းပန်လျှောက်ထားသဖြင့် ကြွရောက် သီတင်းသုံး ဟောကြားရသည်။
သထုံမြို့တွင် ဇေတဝန်ဌာနကြီး တည်ထောင်ဖန်တီးရာ၌ ဆရာတော် ဦးကေလာသ သည် အစမှအဆုံးတိုင် ဆောင်ရွက်တော်မူသည်။ ဆရာတော်ဦးကေလာသသည် သတိပဋ္ဌာန်လမ်းစဉ်အရ အပ္ပမာဒခေါ် ဝိပဿနာ တရားများကို ဝင်ရောက် အားထုတ်ပြီး နီးစပ်သူ တပည့်ကြီးငယ်တို့ကိုလည်း တရားပြသူဖြစ်သည်။
မင်းကွန်းဆရာတော်သည် သထုံမြို့တွင် ဇေတဝန်ဟူသော ပဋိပတ်သာသနာပြု ဌာနတခု တည်ထောင်ပေးပြီး ဝိပဿနာအကျင့်တရားများကို ထင်ထင်ရှားရှား ညွှန်ကြားပြသ ဟောကြားသဖြင့် ယောဂီများ တိုးပွားများပြားလာခဲ့သည်။
ဤသို့ မင်းကွန်းဇေတဝန်ဆရာတော်သည် ဘုရားရှင်နှင့်တကွ သာဝကများ၏ လမ်းစဉ်ကို စံတင်ထား၍ သတ္တဝါများကို ငဲ့ညှာသနားပြီး သာသနာနှင့်တွေ့ကြုံရာ ထိုက်တန်သော အကျိုးတရားများ ခံစားရရှိစေလိုသော ဆန္ဒဖြင့် သတိပဋ္ဌာန်လေးပါး၊ အပ္ပမာဒလမ်းစဉ်ဖြစ်သော ဝိပဿနာတရား ကျင့်ပုံ၊ အားထုတ်ပုံ အလုံးစုံကို သေချာဂဏ ထင်ရှားပေါ်လွင်သော ဝေါဟာရများဖြင့် ဟောကြား ညွန်ပြလာရာ ရှေးဦးစွာ မင်းကွန်းဂူလေးချောင်၊ အလယ်တောရ အနောက်တိုက်၊ ထိုမှတဖန် မွေးဖွားရာဇာတိ ကန်ကြီးကုန်းရွာ၊ ၎င်းရွာ၌ တဝါမျှသာနေထိုင်ပြီး အလယ်တောရ အနောက်တိုက်သို့ ပြန်ကြွသည်။
ထို့နောက် မြို့လှ၊ သထုံမြို့သို့ ရောက်ရှိပြီး တရားဌာနကြီးများ တည်ထောင်ရာ ဒေသနာနည်းကျကျ ဝိပဿနာအကျင့် သာသနာကို (၁၀)နှစ်ကျော်ကြာ ဆောင်ရွက် တော်မူခဲ့သည်။
ထိုသို့ သထုံ ကညွှတ်ကုန်း၊ မြို့လှ၊ သထုံမြို့ ဇေတဝန်ကျောင်းတိုက်ကြီးတွင် သီတင်းသုံးတော်မူစဉ် နောင်အခါ ရဟန္တာမြတ်အဖြစ် ကျော်ကြားတော်မူသော မိတ္ထီလာ တောင်ပုလုဆရာတော် သည်လည်းကောင်း၊ နောင်အခါ မဟာစည် ဆရာတော်ဘုရားကြီး အဖြစ် ကမ္ဘာအနှံ့ ဟိုးဟိုးကျော် စောတော်မူသော အရှင်သောဘန ဆရာတော်သည် လည်းကောင်း ရောက်ရှိလာပြီးလျှင် သတိပဋ္ဌာန် တရား ကျင့်ကြံနည်းများကို နည်းယူကျင့်ကြံခဲ့ကြောင်း သိရှိရသည်။
ဇေတဝန်ဆရာတော်သည် ရဟန်းတော်ဘဝ ခြောက်ဝါမျှ ရသေးသော ကာလက ဖြစ်ပေါ်ခဲ့သော ဆန္ဒပေဋကောပဒေသ ပါဠိတော်၏ အဖွင့် သဝဏ္ဏနာ မာဂဓဘာသာ၊ အဋ္ဌကထာကို စီရင်ရေးသားရန် အချိန်တန်ပြီဟူသော နှလုံးသွင်းလျက် သထုံမြို့မှ မူလဌာနဟောင်း မင်းကွန်းဂူလေးချောင် အလယ်တောရ အနောက်တိုက်သို့ ပြန်ကြွသွားသည်။
ဆရာတော်သည် မင်းကွန်းဂူလေးချောင်၌ တပည့်ရင်း ဖြစ်ကြသော မန္တလေးမြို့ သူရဲဈေးမှ ပွဲစားကြီး ဦးသစ်၊ ဒေါ်ကျော့တို့ ဆောက်လုပ် လှူဒါန်းသော (၁၀) ပေပတ်လည် အိပ်ခန်းနှင့် ပေ (၂၀) ခန့်ရှည်သော စင်္ကြံကပ်လျက်ရှိသော တထပ် ကျောင်းကလေးတွင် တစ်ပါးတည်း သီတင်းသုံးကာ ကျမ်းပြုလျက်ရှိသည်။ ရွှေမြင်တင် တောင်ခြေအရပ် မင်းကွန်းဌာန အနောက်ဆုံးကျသော ဇေတဝန်ကျောင်း ဟု ဆိုင်းဘုတ် ကပ်ထားသည်။
ဇေတဝန်ဆရာတော်သည် ပေဋကောပဒေသ အဋ္ဌကထာကျမ်းကို လေးနှစ်ခန့် ကာလတိုင်ပင် နှုတ်တွင် ဆောင်လျက် ရေးသားစီရင်သည်။ အက္ခရာဝါကျများကိုပါ သုတ်သင်ရှင်းလင်း စိစစ် ရေးသား စီရင်တော်မူသည်။ စိတ်တိုင်းကျမှ စာပုံနှိပ် ခွင့်ပြုသည်။ ၁၂၈၆-ခုနှစ်တွင် ရေးသားပြီး၍ ၁၂၈၈-ခုနှစ်တွင် ရိုက်နှိပ်ပြီးစီးသည်။ ဆရာတော်၏ သက်တော်မှာလည်း (၅၂)နှစ်ရှိပြီ ဖြစ်သည်။
ယင်းကျမ်းမှာ စာမျက်နှာ (၄၁၇) မျက်နှာရှိပါသည်။ ယင်းကျမ်း ဂုဏ်သတင်းကို မန္တလေးတောင် ရသေ့ကြီးဦးခန္တီ ကြားသိရသဖြင့် ဆရာတော်ထံ ခွင့်တောင်းကာ စန္ဒာမုနိဘုရား ကျောက်စာတိုက် တွင် ကျောက်ထက်အက္ခရာ (၂၈) ချပ် ရေးထိုး စိုက်ထူထားခဲ့သည်။
တဖန် ပျဉ်းမနားမြို့မှ ဆရာကျယ်ဆိုသော ဒါယကာတယောက်၏ ရှစ်ရပ်သော ပုစ္ဆာပြဿနာများကိုလည်း ရှေးဦးစွာ လယ်တီဆရာတော်ကြီးအား မေးလျှောက်ခဲ့ဖူး သော်လည်း ဖြေကြားတော် မမူဘဲရှိသဖြင့် ဇေတဝန်ဆရာတော်အား မေးလျှောက်ရာ အာရမ္ဘာဝိဓိဝိဿဇ္ဇနာကျမ်းကို ရေးသား ပေးလေသည်။
ဆက်လက်၍ ရေတာရှည်မြို့မှ တပည့် ဒါယကာများ တောင်းပန်သဖြင့် အနိစ္စတော ဒုက္ခတော စသော တောလေးဆယ် (ဝိပဿနာလေးဆယ်) အကျယ်အဖွင့်ကျမ်းကို ရေးသား ပြုစုပေးသည်။
မူလ မင်းကွန်းဇေတဝန်ဆရာတော်သည် ကျမ်းပေါင်း (၂၅)ကျမ်းမျှ ရေးသားပြုစု တော်မူခဲ့သည်။
၁။ ပေဋကောပဒေသ အဋ္ဌကထာပါဌ်
၂။ ၎င်းအဋ္ဌကထာ၏ နိဿယ ပထမတွဲ
၃။ ၎င်းအဋ္ဌကထာ၏ နိဿယ ဒုတိယတွဲ
၄။ ၎င်းအဋ္ဌကထာ၏ နိဿယ တတိယတွဲ
၅။ သဇ္ဇေကဝိဓိဝိဿဇ္ဇနာ
၆။ အာရမ္ဘာဝိဓိ ဝိပဿနာ
၇။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယသစ် ပထမပိုင်း | ဒုတိယပိုင်
၈။ တောလေးဆယ်ဖွင့်
၉။ မိလိန္ဒပဥှာ အဋ္ဌကထာပါဌ်
၁၀။ နိဗ္ဗာနကထာ (စကားပြေ)
၁၁။ နိဗ္ဗာန်လမ်းညွှန်ဒေသနာ
၁၂။ နိဗ္ဗာနစာတမ်း
၁၃။ သတိပဋ္ဌာန စာတမ်း
၁၄။ သတိပစ္စယခေါ် ဝိနိစ္ဆယသမူဟ
၁၅။ ကထိနဝိနိစ္ဆယ (စကားပြေ)
၁၆။ ကထိန်နိဿယ
၁၇။ ဖလသမာပတ်
၁၈။ မဟာသဠာယတနသုတ်နိဿယ
၁၉။ မူလပရိယာယသုတ် နိဿယ
၂၀။ ပါဒါပါဒရဟ ဝိနိစ်ဆယ
၂၁။ ပဋိညာတကရဏဝိနိစ္ဆယ
၂၂။ သိမ်ခန်း
၂၃။ ဝိပဿနာဉာဏ်စဉ်ကျမ်းကြီး
၂၄။ အနုသယဆိုင်ရာ
၂၅။ အတိရိတ်ကံပြုပုံ အဆုံးအဖြတ်ကျမ်းများ ဖြစ်သည်။
သထုံမင်းကွန်း ဇေတဝန်ဆရာတော်ကြီးသည် ဉာဏ်ပညာနှင့် လုံ့လဝီရိယ အားကောင်းသူဖြစ်သည် နှင့်အညီ နိကာယ် ၅-ရပ် ပိဋကတ်သုံးပုံကို ခြောက်ခြား အောင် တတ်မြောက်တော်မူသည်။
ဆရာတော်ကြီးသည် ပရိယတ်အရာတွင် သာသနာရောင်ဝန်း ထွန်းလင်းတောက်ပ ခိုင်မြဲလှအောင် အဋ္ဌကထာကျမ်းကြီး နှစ်ကျမ်းနှင့်တကွ သဘောခဲကပ် ဝိနစ္ဆယ အရပ်ရပ် အဆုံးအဖြတ်တို့ကို ပိဋကတ်သုံးဖော် ပါဠိတော်နှင့်တကွ အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနာ၊ ဂဏ္ဍိ စသော ကျမ်းဂန်တို့နှင့် ညှိနှိုင်း၍ ရေးသားနိုင်ခြင်းသည် ကျောင်းသားအရွယ် ငယ်စဉ်ကစ၍ (၁၄)နှစ်အရ ကိုရင် (သာမဏေ) ဘဝ ရသည့်တိုင်အောင် နည်းနာရရန် သွန်သင်ပြသခဲ့သော ကျေးဇူးရှင် စော်ကဲကျောင်း ဆရာတော်၊ ကျေးဇူးရှင်နောင်တော် ဦးလက္ခဏဆရာတော်၊ သုံးဂိုဏ်းချုပ် ဦးရာဇိန္ဒ ဆရာတော်တို့ ကျေးဇူးကြီးများလှပါပေသည်ဟု ထုတ်ဖော်ညွှန်ပြ တော်မူခဲ့သည်။
ဇေတဝန်ချောင်ကလေးသည် အေးမြလှသည်။ မင်းကွန်းဓမ္မနာဒတိုက်၏ အနောက် ဘက် ဆုံးကျသည့် ချောင်ပင်ဖြစ်ရာ မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီး၏ နောက်ဆုံး ဦးခေါင်းချ သွားတော်မူသည်။
၁၃၁၆-ခုနှစ်၊ သီတင်းကျွတ်လတွင် ‘တို့ ဒီနှစ်မလွန်တော့ဘူး’ ဟု ဆရာတော်ကြီး မိန့်တော်မူပြီး ၁၃၁၆-ခု တပေါင်းလဆုတ် (၁၀)ရက် (၁၈-၃-၁၉၅၅) သောကြာနေ့ သက်တော် ၈၆-နှစ်အရောက်တွင် ပရိနိဗ္ဗာန် ပြုတော်မူသည်။
ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် သည် ဖောင်းပွပုပ်သိုးခြင်းမရှိ၊ ပကတိ သဘောအတိုင်း တည်ရှိပြီး ၁၃၁၇-ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ သောကြာနေ့ (၂၉-၄-၁၉၅၅) အဂ္ဂိဈာပနအဖြစ် မီးသင်္ဂြိုလ်ခဲ့ရာ ခန္ဓာတော်အရပ်ရပ်မှ ကြွင်းကျန်ခဲ့သော ဓာတ်တော်မှာ ၃-ကွမ်းစား၊ ၃-ပြည်မျှ ပမာဏ ရှိမည်ဟု ခန့်မှန်းကြသည်။
ထုးခြားသော လက္ခဏာကား လူထုများစွာ ဝိုင်းရံကာလျက်ရှိသော အလောင်းတော်ကို မီးသဂြိုလ်သော အခမ်းအနားတွင် ဖြစ်သည်။ မီးပုံကြီးသည် အညှော်အသင်း နံခြင်း မရှိဘဲ အလောင်းတော် မှာလည်း ကုံးကွတွန့်လိမ်မှု မတွေ့ရ၊ မူလထားရှိတိုင်းသာလျှင် ယိုင်းယိုင်ခြင်းမရှိ၊ ခိုင်ခိုင် တောင့်တင်း အလျင်းပင် မရွေ့လျားဘဲ မီးစွဲ၍ လောင်ကျွမ်းလေသည်။
မီးပုံကြီးအတွင်းမှ ထွန်းဖောက်၍ တက်လာသော တပြောင်ပြောင် တဝင်းဝင်းနှင့် အရောင်အဆင်းတို့ကား ထူးထူး ဆန်းဆန်း အံ့မခန်းဘဲ လှပသော အဖြူရောင်၊ အပြာရောင်၊ အဝါရောင်၊ အညိုရောင်၊ ခိုရောင်၊ အစိမ်းရောင်၊ နီမြန်းသောအရောင်တွေ ရောယှက်လျက် ထွက်ပေါ်လေသည်။
မီးသင်္ဂြိုလ်ရာ ရုပ်ကလာပ်မှ ကြွင်းကျန်ခဲ့သော သရီရဓာတ်တော်များကို အသီးသီး ပင့်ယူပူဇော်ကြသည်တွင် သထုံမြို့ ဇေတဝန်ကျောင်းတိုက် မီးသင်္ဂြိုလ်ဌာန၌ ဓာတ်တော်ဆူပေါင်း ၁၀၀၀ ကျော်နှင့်တစ်ကွ သင်္ကန်း၊ သပိတ် စသော အသုံးအဆောင်များကိုပါ ဌာပနာ ထည့်သွင်း၍ မင်းကွန်း ဓာတုစေတီတော် တည်ထား ကိုးကွယ်ပြီး ဖြစ်လေသည်။
စာညွှန်း –
အဋ္ဌကထာကျမ်းပြု ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ – တောင်တွင်း ဘိက္ခုအရှင်တိက္ခာစာရ
မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ (ပထမတွဲ) – မောင်ပန်းမွှေး ဓမ္မဂုဏ်ရည် အရှင်ဝိမလ ကုသိုလ်ပြု ပူဇော်ပါသည်@ ပုညသိန်းနိုင်
—
တရားစာအုပ်များ (ebooks) – တရားအသံတော်များ (mp3) – ရုပ်ရှင်များ (video)